ဘရာဇီး၊ ဩစတေးလျနှင့် အမေရိကန် အပါအဝင် နိုင်ငံအချို့မှ သတ်မှတ်ပမာဏထက် ကျော်လွန်တင်သွင်းလာသည့် အမဲသားအချို့အပေါ် ထပ်တိုးအခွန် ၅၅ % ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၂၀၂၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်ထိ (၃ နှစ်ကြာ) ကောက်ခံသွားမည်ဖြစ် ကြောင်း CNA သတင်းဌာနက ဖော်ပြထားသည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်တွင် မကြာသေးမီနှစ်များမှစ၍ အမဲသားဈေး ကျဆင်းနေကာ လေ့လာဆန်းစစ်သူများက ကုန်ပစ္စည်းပေါများမှု၊ နိုင်ငံ၏ စီးပွားရေးနှေးကွေးလာမှု၊ ဝယ်လိုအားနည်းပါးမှုတို့ကို ထောက်ပြထားကြသော်လည်း အဆိုပါကာလများ၌ အမဲသားသွင်းကုန်တရှိန်ထိုးမြင့်ခဲ့ပြီး ဘရာဇီး၊ အာဂျင်တီးနားနှင့် သြစတေးလျကဲ့သို့သော နိုင်ငံများအတွက် တရုတ်က အလွန်အရေးပါသည့် ဈေးကွက်တစ်ခု ဖြစ်လာခဲ့ကြောင်း၊ တရုတ် စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ အမဲသားသွင်းကုန်များအနက် လတ်ဆတ်၊ အေးခဲ ၊ အရိုးပါ ၊ အရိုးလွတ် စသည့် အမျိုးအစားအလိုက် စစ်ဆေးခဲ့ရာ ပြည်တွင်းအမဲသားထုတ်လုပ်မှုကဏ္ဍကို ထိခိုက်နစ်နာစေကြောင်း၊ ထို့ကြောင့် “သွင်းကုန်မြင့်တက်ခြင်းမှ ကာကွယ်ရေး (Safeguard)” အဖြစ် အကောက်ခွန်တိုးမြှင့်ကောက်ခံကာ တဖြည်းဖြည်းဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အမဲသားတင်ပို့သည့် နိုင်ငံများအလိုက် တစ်နှစ်တာ တင်ပို့ခွင့်ပမာဏ (quota) များ သတ်မှတ်ထားရာ ဘရာဇီးနိုင်ငံအတွက် အမဲသားတန်ချိန် ၁.၁ သန်း၊ အာဂျင်တီးနားနိုင်ငံအတွက် ယင်း၏ ထက်ဝက်ခန့်၊ ဩစတေးလျနိုင်ငံအတွက်တန်ချိန် ၂ သိန်းနှင့် အမေရိကန်နိုင်ငံအတွက် တန်ချိန် ၁၆၄,၀၀၀ ခွင့်ပြုထားကြောင်း၊ အဆိုပါကိုတာများသည် နှစ်စဉ် အနည်းငယ်စီ တိုးမြင့်နေကြောင်း၊ ဩစတေးလျနှင့် ချုပ်ဆိုထားသော လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) တွင် ပါဝင်သည့် အမဲသား တင်သွင်းမှုနှင့်သက်ဆိုင်သည့် အပိုင်းကို ဆိုင်းငံ့ထားကြောင်း၊ အမဲသားတင်သွင်းမှုများအပေါ် Safeguard ချမှတ်ခဲ့ခြင်းသည် ပြည်တွင်းအမဲသားထုတ်လုပ်သူများကို အခက်အခဲများမှ ကျော်လွှားနိုင်ရန် ယာယီကူညီပေးခြင်းဖြစ်ပြီး ပုံမှန်အမဲသားကုန်သွယ်မှုကို ကန့်သတ်လိုက်ခြင်းမဟုတ်ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သီးသန့်ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.channelnewsasia.com/east-asia/china-imposes-extra-55-cent-tariff-beef-imports-5771286
Source: https://commerce.gov.mm/
အမဲသားသွင်းကုန်အချို့အပေါ် သွင်းကုန်ခွန် ၅၅ % ထပ်ဆောင်းကောက်ခံသွားမည့် တရုတ်နိုင်ငံ
Category:
International News